စိတ်ရွက်လှေ

Monday, September 10, 2007

အမေ..ထံ..ပေးစာ

လူ့ဘောင်စည်းကမ်းနဲ့အညီ
ကျွန်တော်မလိမ္မာခဲ့ပေမဲ့
အကျင့် စာရိတ္တ ပျက်သုန်းအောင်
ဆိုးသွမ်းခဲ့တာ မဟုတ်ပါ..အမေ။

ကျောင်းသွားတုန်း လမ်းခုလတိမှာ
ဒုက္ခအိုးလေး ကောက်ရခဲ့တဲ့နေ့က
ကျွန်တော် ကျောင်းပြေးခဲ့တာ
စာမသင်ချင်လို့ မဟုတ်ခဲ့ပါ..အမေ။

ကျွန်တော်ချစ်တဲ့ ကောင်းမလေး
ပြန်မချစ်ဘူးဆိုတာ သိတဲ့နေ့က
ကျွန်တော်ရင်ထဲမှာ မိုးတွေရွာခဲ့ပေါ့
အချစ်ဆိုတာ ကံဆိုးသူအတွက်မဟုတ်ခဲ့ပါ..အမေ။

လမ်းမှားမှာ မကြောက်လို့
လောကကြီးကိုအရွဲတိုက်
ဖြစ်သလိုနေခဲ့တာ မဟုတ်ပါဘူး
နေချင်သလိုစိတ်နဲ့နေချင်သလိုပဲနေဆဲပါ..အမေ။

လူ့ဘ၀ကို စားသုံးတုန်း
အချိန်ကိုလေးစားသူမဟုတ်တောင်
အချိန်တွေကြေးစားဆန်တာသိရတော့
ကျွန်တော်ရူးရတယ်..အမေ။

လောကမှာလူပိုတစ်ယောက်လို့သူတို့ထင်တယ်..အမေ
အံ့ဝင်ခွင်ကျ မနက်ဖြန်များကို
ရေးဆွဲခဲ့တဲ့ ကျွန်တော်အသိတရားတွေ
သုံးမရအောင်ရိုက်ချိုးခဲ့တာ သူတို့ပါပဲ..အမေ။

"အမေ...နေကောင်းရဲ့လား"
ဘ၀အမောတွေ မပြောပြလည်း
အမေစိတ်ထဲက ညည်းတွားဟန်တွေ
ကျွန်တော် မျက်စိနဲ့ကြားရတယ်..အမေ။

................................

Sunday, May 13, 2007

ခေါင်းစဉ်မရှိဘူး

ခြေဦးတည့်ရာ
လွှင့်မျောချင်တယ်
ဝင်သက်ထွက်သက် မသိ
ငွေစက္ကူအထိအတွေ့ မရှိ
ခံစားချက်တွေ ပြီးမြောက်ဖို့
လေပြေလေညင်းရှိရာ သူသွားတယ်
ကြုံတွေ့သမျှပြောပြဖို့
ပင်လယ်ရှိရာ သူသွားတယ်
လရောင်အောက်မှာ တီးခတ်နေကျ
ငါတို့ရဲ့ ကစားပွဲ
ရမ်သမ်တွေက အတိုင်းအဆမညီ
ဒီလိုနဲ့ မျောလွှင့်
ဖြစ်ချင်တဲ့ အတိုင်း လည်ပတ်စီးဆင်း
အတ္တတွေ၊ စိတ်ဆန္ဒတွေ ကြား
လဲပြိုရတာ
နွမ်းလျပါပြီ။
"အကူအညီလိုရင် ပေးပါမယ်
ကျေးဇူးပြု၍
အာရုံလာမနှောက်ပါနဲ့"

Friday, March 16, 2007

အနက်ရောင်လူ(ငါ)

ရိုးသားတဲ့ လိမ်ညာခြင်းများ
ငါ့လက်ထဲက မတော်တစပြုတ်ကျ
မရည်ရွယ်ဘဲ တစစီကွဲရှ
အနက်ရောင်လူ(ငါ)…အမှားလား။
ဘယ်တော့မှမပြောင်းလဲခဲ့…
စကားလုံးတွေ၊ လိမ်မာခဲ့တာတွေ
အကုန်လုံးမီးရှို့။
လိုအပ်ချက်တွေ၊ ဆာလောင်မှုတွေ
လူတချို့မသိအောင်နေတယ်။
“ကျေးဇူးပြုပြီ အထင်အလန့်မလုပ်ပါနဲ့”
လူတွေကို ခြစ်(၀ါ)ချစ် ကြည့်မလို့ပါ
ဖြစ်တည်မှုသဘောတရားအရ
ငြိမ်းချမ်းရေးက အနက်ရောင်ဖြစ်နေတယ်
ကဗျာကဖေးဆိုင်မှာ ထိုင်နေတုန်း
လူသားဆန်တဲ့တုံ့ပြန်မှုက လက်ကမ်းကြိုဆို
အိမ်ပြန်ရောက်ရောက်ချင်း
အမေကို မေးကြည့်ချင်တယ်
“ဘာဖြစ်လို့ ကျွန်တော်ကို မမုန်းတာလဲ”