လူ့ဘောင်စည်းကမ်းနဲ့အညီ
ကျွန်တော်မလိမ္မာခဲ့ပေမဲ့
အကျင့် စာရိတ္တ ပျက်သုန်းအောင်
ဆိုးသွမ်းခဲ့တာ မဟုတ်ပါ..အမေ။
ကျောင်းသွားတုန်း လမ်းခုလတိမှာ
ဒုက္ခအိုးလေး ကောက်ရခဲ့တဲ့နေ့က
ကျွန်တော် ကျောင်းပြေးခဲ့တာ
စာမသင်ချင်လို့ မဟုတ်ခဲ့ပါ..အမေ။
ကျွန်တော်ချစ်တဲ့ ကောင်းမလေး
ပြန်မချစ်ဘူးဆိုတာ သိတဲ့နေ့က
ကျွန်တော်ရင်ထဲမှာ မိုးတွေရွာခဲ့ပေါ့
အချစ်ဆိုတာ ကံဆိုးသူအတွက်မဟုတ်ခဲ့ပါ..အမေ။
လမ်းမှားမှာ မကြောက်လို့
လောကကြီးကိုအရွဲတိုက်
ဖြစ်သလိုနေခဲ့တာ မဟုတ်ပါဘူး
နေချင်သလိုစိတ်နဲ့နေချင်သလိုပဲနေဆဲပါ..အမေ။
လူ့ဘ၀ကို စားသုံးတုန်း
အချိန်ကိုလေးစားသူမဟုတ်တောင်
အချိန်တွေကြေးစားဆန်တာသိရတော့
ကျွန်တော်ရူးရတယ်..အမေ။
လောကမှာလူပိုတစ်ယောက်လို့သူတို့ထင်တယ်..အမေ
အံ့ဝင်ခွင်ကျ မနက်ဖြန်များကို
ရေးဆွဲခဲ့တဲ့ ကျွန်တော်အသိတရားတွေ
သုံးမရအောင်ရိုက်ချိုးခဲ့တာ သူတို့ပါပဲ..အမေ။
"အမေ...နေကောင်းရဲ့လား"
ဘ၀အမောတွေ မပြောပြလည်း
အမေစိတ်ထဲက ညည်းတွားဟန်တွေ
ကျွန်တော် မျက်စိနဲ့ကြားရတယ်..အမေ။
................................
ညနေခင်းကဗျာ
13 years ago
No comments:
Post a Comment